ကျွမ်းကျင်မှု စွမ်းရည်ပြိုင်ပွဲနှင့် Innovation Award ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပခြင်း

Views: 345
0 0

World Youth Skills Day – WYSD အထိမ်းအမှတ် အစိုးရနည်းပညာကောလိပ်များ၊ အစိုးရ စက်မှုလက်မှုသိပ္ပံများနှင့် အစိုးရနည်းပညာအထက်တန်းကျောင်းများ၏ ကျွမ်းကျင်မှုစွမ်းရည်ပြိုင်ပွဲနှင့် Innovation Award ပြိုင်ပွဲအခမ်းအနားကို ယနေ့ ၁၅.၇.၂၀၁၉ နံနက် ၉ နာရီတွင် အစိုးရစက်မှု လက်မှုသိပ္ပံ(အင်းစိန်) ပင်မဆောင် စုဝေးခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အဖွင့်အမှာစကား ပြောကြားရာတွင် အစိုးရစက်မှုလက်မှုသိပ္ပံ(အင်းစိန်)မှာ UNESCO-UNEVOC Center ဖွင့်လှစ်ပြီး နောက်ပိုင်း နှစ်စဉ်ဇူလိုင်လ(၁၅)ရက်နေ့တွင် World Youth Skills Day – WYSD အထိမ်းအမှတ်အဖြစ် အစိုးရနည်းပညာကောလိပ်များ၊ အစိုးရစက်မှုလက်မှုသိပ္ပံများနှင့် အစိုးရနည်းပညာအထက်တန်းကျောင်း များအတွက် “ကျွမ်းကျင်မှုစွမ်းရည်ပြိုင်ပွဲနှင့် Innovation Award ပြိုင်ပွဲ”များကို တတိယအကြိမ် ဆက်လက် ကျင်းပနိုင်သည့်အတွက် ပညာရေးဝန်ကြီးဌာနအနေဖြင့် များစွာဂုဏ်ယူဝမ်းမြောက် မှတ်တမ်းတင်ရှိပါ ကြောင်း။

ဇူလိုင်လ (၁၅) ရက်နေ့ကို ကမ္ဘာ့လူငယ်များကျွမ်းကျင်ရေးနေ့ (WYSD)အဖြစ် ကုလသမဂ္ဂ၏ အထွေထွေညီလာခံတွင် ၂၀၁၄ ခုနှစ် နိုဝင်ဘာလတွင် ကြေညာခဲ့ပါကြောင်း၊ ကမ္ဘာ့လူငယ်များကျွမ်းကျင် ရေးနေ့(WYSD)၏ရည်ရွယ်ချက်မှာ ပင်ကိုယ်အရည်အသွေးဖွံ့ဖြိုးတိုးတက်မှုနှင့် အောင်မြင်မှုရရှိစေမည့် နည်းလမ်းတစ်ရပ်အနေဖြင့် ကျွမ်းကျင်မှုအရည်အသွေးများ တိုးတက်စေရန်ဆောင်ရွက်ခြင်း၊ ပြုစုပျိုး ထောင်ခြင်းနှင့် ဖန်တီးခြင်းဖြင့် လိုအပ်သည့် ကျွမ်းကျင်မှုများရရှိရန်အတွက် လူငယ်များ၏ကျွမ်းကျင်မှု အရည်အသွေးများကို ချီးကျူးဂုဏ်ပြုခြင်းဖြင့် အားပေးတိုက်တွန်းနိုင်ရန် ရည်ရွယ်ပါကြောင်း၊ UNESCO-UNEVOC ဌာနချုပ်အနေဖြင့် နှစ်စဉ် ဇူလိုင်လ (၁၅)ရက်နေ့ကို World Youth Skills Day အဖြစ် သတ်မှတ် ပြီး တစ်ကမ္ဘာလုံးရှိ UNESCO-UNEVOC Center ရှိသော နိုင်ငံများတွင် ညီလာခံများ၊ အလုပ်ရုံဆွေးနွေး ပွဲများ၊ အလုပ်အကိုင် အခွင့်အလမ်းဖော်ထုတ် ဆွေးနွေးပွဲများနှင့် စွမ်းဆောင်ရည်မြှင့်တင်မှုအစီအစဉ်များ စသဖြင့် ကျင်းပကြရန် တိုက်တွန်း ပြောကြားထားပါကြောင်း။

၂၀၁၉ ခုနှစ်အတွက် World Youth Skills Day ၏ Theme သည် “Learning to learn for life and work” ဖြစ်ပြီး “ဘဝနှင့် အလုပ်အကိုင်တိုးတက်ဖို့ ကျွမ်းကျင်တတ်မြောက်အောင် သင်ယူစို့” ဖြစ်ပါ ကြောင်း၊ တစ်ကမ္ဘာလုံးရှိ UNESCO-UNEVOC Center ရှိသည့် နိုင်ငံပေါင်း(၅၀)ကျော်ရှိပြီး မြန်မာနိုင်ငံ အနေဖြင့်လည်း ၂၀၁၈ ခုနှစ် နိုဝင်ဘာလတွင် အစိုးရစက်မှုလက်မှုသိပ္ပံ (အင်းစိန်)၌ စတင်ဖွင့်လှစ်နိုင်ခဲ့ ပါကြောင်း၊ ယခုကဲ့သို့ UNESCO-UNEVOC Center ဖွင့်လှစ်နိုင်သည့်အတွက် နည်းပညာနှင့်သက်မွေး ပညာရေးနှင့် လေ့ကျင့်ရေးဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပိုမိုအကျိုးဖြစ်ထွန်းစေမည်ဖြစ်ပြီး UNEVOC ကွန်ယက်၏ အခြေခံစည်းမျဉ်းသတ်မှတ်ချက်များနှင့်အညီ ဒေသတွင်းမှာရှိတဲ့ UNESCO-UNEVOC Center ရှိသော အခြားနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်နိုင်ခြင်း၊ စွမ်းဆောင်ရည်မြှင့်တင်မှု အစီအစဉ်များနှင့် အတွေ့အကြုံဗဟုသုတများ မျှဝေဖလှယ်နိုင်သည့် အစီအစဉ်များ ပြုလုပ် ဆောင်ရွက် နိုင်မည် ဖြစ်ပါကြောင်း။

ယနေ့ကမ္ဘာကြီးတွင် လူဦးရေ ၁ ဒသမ ၂ ဘီလီယံသည် အသက် ၁၅ နှစ် မှ ၂၄ နှစ် အရွယ် လူငယ်များဖြစ်ပြီး ကမ္ဘာ့လူဦးရေရဲ့ ၁၆% ရှိပါကြောင်း၊ လူငယ်များ၏ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီ ဖွံ့ဖြိုးတိုးတက်ရေး မျှော်မှန်းရလဒ်များအတွက် ပါဝင်ကြိုးပမ်းအကောင်အထည်ဖော်မှုများ သည် ရာသီဥတု ပြောင်းလဲခြင်း၊ အလုပ်လက်မဲ့ဖြစ်ခြင်း၊ ဆင်းရဲခြင်း၊ ကျားမခွဲခြားခြင်း၊ ပဋိပက္ခဖြစ်ပွားခြင်း၊ ပြောင်းရွှေ့ နေထိုင်ခြင်းများ၏ ပြဿနာစိန်ခေါ်မှုများကို ရင်ဆိုင်အောင်မြင်နိုင်၍ အားလုံးပါဝင်သောရေရှည်တည်တံ့ ခိုင်မြဲပြီး ဟန်ချက်ညီသည့် ဖွံ့ဖြိုးတိုးတက်မှုများကို ရရှိစေမည်ဖြစ်ပါကြောင်း၊ သို့သော်လည်း ယနေ့လူငယ် များ၏ အလုပ်လက်မဲ့နှုန်းသည် အရွယ်ရောက်ပြီးသူ လူကြီးများထက် (၃) ဆနီးပါးပိုမိုနိုင်ဖွယ်ရာရှိနေသလို အရည်အသွေးနိမ့်အလုပ်အကိုင်များ၊ လုပ်သားဈေးကွက်မညီမျှမှု ကြီးမားခြင်း၊ ကျောင်းမှအလုပ်နေရာသို့ ကူးပြောင်းပံ့ပိုးပေးမှု အားနည်းခြင်းတို့ကလည်း စဉ်ဆက်ဖြစ်ပေါ်နေမည်ဖြစ်ပါကြောင်း။

သို့ဖြစ်၍ ကမ္ဘာ့လူငယ်များ ကျွမ်းကျင်ရေးနေ့(WYSD)ကို ကျင်းပရခြင်း၏ရည်ရွယ်ချက်မှာလည်း လူငယ်များအတွက် သင့်လျော်သည့် အလုပ်အကိုင်ရရှိနိုင်မှုအခွင့်အလမ်းကို တိုးမြှင့်ရန်အတွက် အရေးပါ သည့် ကဏ္ဍတစ်ရပ်အနေဖြင့် ကျွမ်းကျင်မှုအရည်အသွေးကို ထောက်ခံအားပေးရန်နှင့် ကမ္ဘာတစ်ဝန်းလုံး တွင် ယနေ့ခေတ်ရင်ဆိုင်ကြုံတွေ့နေရသည့် စိန်ခေါ်မှုများ၊ အခက်အခဲများကို ဖြေရှင်းနိုင်ရန်အတွက် ကျွမ်းကျင်မှု အရည်အသွေးပြည့်ဝသည့် လူငယ်များ၏အရေးပါသည့် အခန်းကဏ္ဍကို အလေးထားဆောင် ရွက်နိုင်ရန် ရည်ရွယ်ပါကြောင်း၊ နိုင်ငံတွင် လူမှုစီးပွားရေးဖွံ့ဖြိုးတိုးတက်လာစေရန် အဓိကအနေဖြင့် နိုင်ငံ၏လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးသည် အဓိကအခန်းကဏ္ဍမှ ပါဝင်လျက်ရှိပြီး ကျွမ်းကျင် သူများ၊ အသိပညာရှင်၊ အတတ်ပညာရှင်များ ပြုစုပျိုးထောင်ပေးရန် အရေးကြီးလှပါကြောင်း၊ ပညာရေး ဝန်ကြီးဌာနအနေဖြင့်လည်း အမျိုးသားစီမံကိန်းမဟာဗျူဟာ (၂၀၁၆-၂၀၂၁)အား ရေးဆွဲချမှတ်ပြီး အခြေခံ ပညာကဏ္ဍ၊ နည်းပညာနှင့် သက်မွေး၊ ပညာရေးနှင့်လေ့ကျင့်ရေးကဏ္ဍနှင့် အဆင့်မြင့်ပညာကဏ္ဍတို့အား ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်လာစေရန် ပြုပြင်ပြောင်းလဲကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း။

အမျိုးသားစီမံကိန်းမဟာဗျူဟာတွင် နည်းပညာနှင့်သက်မွေး၊ ပညာရေးနှင့်လေ့ကျင့်ရေးကဏ္ဍ အတွက် အကောင်အထည်ဖော်ေ ဆာင်ရွက်ရမည့် မဟာဗျူဟာ(၃)ရပ်ချမှတ်ထားပြီး၊ နည်းပညာနှင့်သက် မွေးပညာရေးနှင့် လေ့ကျင့်ရေးဆိုင်ရာ ကျွမ်းကျင်မှုအရည်အသွေး ပိုမိုကောင်းမွန်စေရန် ဆောင်ရွက်ရမည့် လုပ်ငန်းအစီအစဉ်တစ်ခု ပါဝင်ပါကြောင်း၊ ယနေ့ကျင်းပပြုလုပ်သည့် “ကျွမ်းကျင်မှု စွမ်းရည်ပြိုင်ပွဲနှင့် Innovation Award ပြိုင်ပွဲ”များသည် နည်းပညာနှင့် သက်မွေးဝမ်းကျောင်းသင်တန်းများကို ပြည်သူ လူထုအကြား ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်လာစေရန်၊ နည်းပညာနှင့် သက်မွေးပညာရေးနှင့် လေ့ကျင့် ရေးသင်တန်းများတွင် သင်ယူလေ့ကျင့်နေသည့် ကျောင်းသား၊ ကျောင်းသူများကို အဖွဲ့လိုက်ကူညီပူးပေါင်း ဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ဖြစ်ထွန်းပေါ်ပေါက်လာစေရန် သက်ဆိုင်သည့် လုပ်ငန်း နယ်ပယ်များတွင် ကျွမ်းကျင်မှုရှိစေရန်နှင့် ကျွမ်းကျင်အရည်အချင်းပြည့်မီပြီး ဆန်းသစ်တီထွင်ဖန်တီး နိုင်စွမ်းရှိသော ကျောင်းသား၊ ကျောင်းသူများ၊ လူငယ်မောင်မယ်များ ပေါ်ထွက်လာစေရန် ဆောင်ရွက်ခြင်း ဖြစ်ပါကြောင်း။

ပညာရေးဝန်ကြီးဌာနအနေဖြင့်လည်း နည်းပညာနှင့်သက်မွေး ပညာရေးနှင့်လေ့ကျင့်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်နိုင်ငံလုံးရှိ လူငယ်လူရွယ်များအား နည်းပညာနှင့်သက်မွေး ပညာရေးနှင့် လေ့ကျင့်ရေးဆိုင်ရာ သင်တန်းများ တစ်နှစ်ထက်တစ်နှစ် ပိုမိုသင်ယူနိုင်သည့် အခွင့်အလမ်းများ ရရှိနိုင်စေ ရန်၊ သင်ကြားပို့ချပေးလျက်ရှိသည့် သင်တန်းများအားလုံးကို အရည်အသွေးရှိစေရန်တို့အတွက် အထူး အလေးထား ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများ၊ ပုဂ္ဂလိကကဏ္ဍမှ အသင်းအဖွဲ့များနှင့်ပူးပေါင်း၍လည်း အရည်အသွေးမြှင့်တင်ရေးသင်တန်းများ၊ အဆင့်မြင့်နည်းပညာဆိုင် ရာသင်တန်းများ၊ ကျွမ်းကျင်မှုအခြေပြု ကာလတိုသင်တန်းများနှင့် သက်မွေးပညာသင်တန်းများကို တိုးချဲ့ ဖွင့်လှစ်နိုင်ရေး ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ယနေ့ကျင်းပပြုလုပ်သည့် ကျွမ်းကျင်မှုစွမ်းရည် ပြိုင်ပွဲများကို သက်ဆိုင်ရာဘာသာရပ်အလိုက် ခေါင်းစဉ်(၁၁)မျိုးဖြင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၀၄)ဦးနှင့် Innovation Award ပြိုင်ပွဲတွင် အစိုးရစက်မှုလက်မှုသိပ္ပံ(၉)ကျောင်းနှင့် အစိုးရနည်းပညာ အထက်တန်းကျောင်း(၄)ကျောင်းတို့မှ စုစုပေါင်း Project(၁၃)ခု ပါဝင်ယှဉ်ပြိုင်ကြသည့်အတွက် ဝန်ကြီး ဌာနအနေဖြင့် ဝမ်းမြောက်ဂုဏ်ပြုပါကြောင်း။

ကျွမ်းကျင်မှုစွမ်းရည်ပြိုင်ပွဲများအတွက် သက်ဆိုင်ရာ ခေါင်းစဉ်အလိုက် အကောင်းဆုံးဆုများနှင့် Innovation Award အတွက် Project အကောင်းဆုံး ပထမဆု၊ ဒုတိယဆု၊ တတိယဆုများကို ထိုက်ထိုက် တန်တန် ပေးအပ်ချီးမြှင့်ပေးမည် ဖြစ်သည့်အတွက် မိမိတို့ကိုယ်စွမ်း၊ ဉာဏ်စွမ်းဖြင့် အကောင်းဆုံးကြိုးစား ယှဉ်ပြိုင်ကြစေလိုကြောင်း၊ ယခုနှစ်က ရရှိလာမည့် အတွေ့အကြုံများ၊ ဗဟုသုတများ၊ ကျွမ်းကျင်မှုများကို အသုံးချပြီး နောင်လာမယ့်နှစ်များတွင် ပိုမိုထူးချွန်ပြီး ကျွမ်းကျင်တတ်မြောက်မှုရှိစေရန်နှင့် သက်ဆိုင်ရာ အထူးပြုနယ်ပယ်အလိုက် Project များကိုလည်း ယခုထက်ပို၍ ပါဝင်ယှဉ်ပြိုင်နိုင်ပြီး လူမှုစီးပွားဖွံ့ဖြိုးမှုကို အကျိုးပြုနိုင်သည့် Project များဖြစ်လာစေရန် ကြိုးပမ်းဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းနှင့် ဆရာကြီး ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်တို့က အမှာစကားပြောကြားကြသည်။

ထို့နောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ရန်ကုန်တိုင်းဒေသ ကြီးအစိုးရအဖွဲ့လူမှုရေး ဝန်ကြီး ဦးနိုင်ငံလင်းနှင့် တာဝန်ရှိသူများက မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြပြီး ခင်းကျင်းပြသထားသည့် Innovation Award ပြိုင်ပွဲဝင် Project များအား လှည့်လည်ကြည့်ရှုကြသည်။

ကျွမ်းကျင်မှုစွမ်းရည်ပြိုင်ပွဲနှင့် Innovation Award ပြိုင်ပွဲကို ဇူလိုင်(၁၅)ရက်မှ (၁၆)ရက်နေ့အထိ နှစ်ရက်ကြာပြုလုပ်သွားမည်ဖြစ်ပြီး ကျွမ်းကျင်မှုစွမ်းရည်ပြိုင်ပွဲများကို သက်ဆိုင်ရာဘာသာရပ်အလိုက် ခေါင်းစဉ်(၁၁)မျိုးဖြင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၀၄)ဦးနှင့် Innovation Award ပြိုင်ပွဲတွင် အစိုးရစက်မှုလက်မှုသိပ္ပံ(၉)ကျောင်းနှင့် အစိုးရနည်းပညာအထက်တန်းကျောင်း(၄)ကျောင်းတို့မှ စုစုပေါင်း Project (၁၃)ခု ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရှိရသည်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်